Slide 1

ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်းနှင့် ယုံကြည်မှု၏ စမ်းသပ်ချက်

Back

2026-07-10

"ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံကိန်း" ဟု ကြေညာထားသော်လည်း မြေပြင်အခြေအနေတွင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းက ထိုအစီအစဉ်၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်စေပါသည်။ ယခင် NCA အပစ်အခတ်ရပ်စဲရေးကာလအတွင်းလည်း မြန်မာစစ်အာဏာရှင်များဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချိုးဖောက်ကြကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသများတွင် သဘာဝသယံဇာတများကို မတရား ထုတ်ယူအသုံးချမှု၊ ဒေသခံများ၏ မြေယာ များအတင်းအဓမ္မ သိမ်းယူမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြည်သူများကို ဖမ်းစီးနှိပ်စက် သတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့ကြောင်း အမျိုးသမီး အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက နှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားသည်။ ထို့အပြင် မြစ်ဆုံရေကာတာစီမံကိန်းနှင့်ပတ်သက်၍လည်း ပြည်သူများကို ခြိမ်းခြောက်ဖိအားပေးခြင်း၊ စည်းရုံးရေးအစည်းအဝေးများ တက်ရောက်စေခြင်းများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် ပြည်သူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြောဆိုရန် မရဲဝံ့ဘဲ တိတ်ဆိတ်စွာ နေခဲ့ရသည်။ သို့သော် ထိုတိတ်ဆိတ်မှုကို "ပြည်သူများက သဘောတူသည်" ဟု အဓိပ္ပာယ်ကောက်ယူခြင်းမှာ မသင့်လျော်ပေ။ ကန့်ကွက်သံ မထွက်လာခြင်းသည် သဘောတူညီမှုရှိသည်ဟု အလိုအလျောက် ဆိုလိုခြင်း မဟုတ်ပါ။ ထို့ကြောင့် ယုံကြည်မှုမတည်ဆောက်နိုင်သေးသော အခြေအနေတွင် ပြည်သူများအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ "အပစ်အခတ်ရပ်စဲပါ၊ ငြိမ်းချမ်းရေးယူပါ" ဟု တစ်ဖက်သတ် တောင်းဆိုရန်မှာ မလွယ်ကူကြောင်း မြင်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးသည် ကြေညာချက်များဖြင့် ဖြစ်ပေါ်လာမည် မဟုတ်ဘဲ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ အမှန်တကယ် ရပ်တန့်ခြင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းနှင့် ဥပဒေရှေ့မှောက် တာဝန်ခံမှုရှိခြင်းတို့ဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သည်။ ကြောက်ရွံ့မှုကြောင့် ထွက်မလာသော တိတ်ဆိတ်မှုကို ပြည်သူ့ဆန္ဒအဖြစ် အဓိပ္ပာယ်ကောက်ယူ၍ မရသကဲ့သို့၊ ငြိမ်းချမ်းရေးဟု ခေါင်းစဉ်တပ်ထားသည့် အစီအစဉ်တစ်ခုကိုလည်း မြေပြင်ရှိ လက်တွေ့အခြေအနေများဖြင့်သာ အကဲဖြတ်သင့်ပါသည်။

Photo 1