
2026-06-19
ဇွန်လ (၁၉) ရက်နေ့သည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ (International Day for the Elimination of Sexual Violence in Conflict) ဖြစ်သည်။ ဤနေ့သည် စစ်ပွဲများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် အာဏာရှင်စနစ်များအတွင်း ကျူးလွန်ခံရသည့် Conflict-Related Sexual Violence (CRSV) ကို အသိအမှတ်ပြုကာ၊ ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှုရှိစေရေး တောင်းဆိုသည့် နေ့တစ်နေ့ဖြစ်သည်။ CRSV သည် အမျိုးသမီးများနှင့် မိန်းကလေးများသာမက အမျိုးသားများနှင့် ကလေးသူငယ်များအပေါ်ပါ ကျူးလွန်နိုင်သော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ် ဖြစ်သည်။ သမိုင်းတစ်လျှောက် စစ်ပွဲများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ရေးနည်းဗျူဟာ၊ ကြောက်ရွံ့စေရန်နည်းလမ်း၊ လူထုကို ထိန်းချုပ်သည့် ကိရိယာနှင့် လူမျိုးစုအသိုက်အဝန်းများကို ဖျက်ဆီးရန် အသုံးပြုခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း Bosnian War နှင့် Rwandan Genocide တို့တွင် ဖြစ်ပွားခဲ့သော ကျယ်ပြန့်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဤပြဿနာကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် ပိုမိုအာရုံစိုက်လာခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက Resolution 1820 ကို အတည်ပြုခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲ၏ နည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုခြင်းအား နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် အရေးကြီးသော ပြဿနာအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇွန်လ (၁၉) ရက်နေ့ကို International Day for the Elimination of Sexual Violence in Conflict အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း CRSV သည် ရေရှည်လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်နွယ်နေသည့် အရေးကြီးသော လူ့အခွင့်အရေးပြဿနာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ကချင်ဒေသတွင် Kachin Independence Organization/Army (KIO/KIA) နှင့် မြန်မာစစ်တပ်အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်များကို ဒေသခံအမျိုးသမီးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂယန္တရားများက နှစ်ပေါင်းများစွာ မှတ်တမ်းတင်ဖော်ပြခဲ့ကြသည်။ ၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ကာ လူသိန်းနှင့်ချီ နေရပ်စွန့်ခွာခဲ့ရသည်။ ထိုကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု၊ လူကုန်ကူးမှုနှင့် အခြားသော ကျား-မအခြေပြုအကြမ်းဖက်မှုများကို ရင်ဆိုင်ခဲ့ကြရသည်။ သုတေသနများနှင့် မှတ်တမ်းများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲ၏ လက်နက်သဖွယ် အသုံးပြုခဲ့သည့် ပုံစံများအကြောင်း ထောက်ပြထားသည်။HTOI Gender and Development Foundation ၏ “Women’s Access to Justice in Kachin” သုတေသနအရ ကချင်ပြည်နယ်ရှိ အမျိုးသမီးများသည် စစ်ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ မူးယစ်ဆေးဝါးပြဿနာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် လုံခြုံရေးကင်းမဲ့နေပြီး တရားမျှတမှုရရှိရန် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း တွေ့ရှိရသည်။ အသက်ရှင်ကျန်ရစ်သူများအတွက် ဥပဒေရေးရာအကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ကုစားထောက်ပံ့မှုနှင့် လုံခြုံရေးကာကွယ်မှုများမှာလည်း အကန့်အသတ်များစွာ ရှိနေဆဲဖြစ်သည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာချိန်တွင် CRSV ဖြစ်ရပ်များကို HTOI Gender အပါအ၀င် အမျိုးသမီး အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ဆက်လက်မှတ်တမ်းတင်ထားကြသည်။ အထူးသဖြင့် မြန်မာစစ်တပ်၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အာဏာရှိသူများက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဖြစ်ရပ်များတွင် လွတ်လပ်ပြီး ထိရောက်သော စုံစမ်းစစ်ဆေးမှုများ မရှိခြင်း၊ ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန် အရေးယူဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) သည် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ထိုသို့သော ပြစ်ဒဏ်ကင်းလွတ်ခွင့်သည် CRSV ကို ထပ်မံဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံရှိ ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရသူများအတွက် တရားမျှတမှု၊ ပြန်လည်ထူထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်။ ထို့အပြင် ကျူးလွန်သူ မည်သူမဆို ဥပဒေအောက်တွင် တာဝန်ယူမှုရှိစေရန်နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်စေရန်မှာ ရေရှည်ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ယနေ့ ဇွန်လ (၁၉) ရက်နေ့တွင် စစ်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံစားခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများကို ဂုဏ်ပြုအမှတ်ရရင်း၊ အမှန်တရားဖော်ထုတ်ရေး၊ တာဝန်ခံမှုရှိစေရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ဆက်လက်အသံထွက်တောင်းဆိုကြပါစို့။လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် စစ်ပွဲ၏ မလွဲမရှောင်ဖြစ်ရပ် မဟုတ်ဘဲ ရာဇဝတ်မှုဖြစ်သည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို စစ်လက်နက်အဖြစ် အသုံးမပြုသင့်ပါ။ ရှင်သန်ကျန်ရစ်သူများကို အပြစ်တင်ခြင်းမဟုတ်ဘဲ ကာကွယ်ပံ့ပိုးခြင်းနှင့် တရားမျှတမှုရရှိစေခြင်းသည် လူ့အဖွဲ့အစည်းအားလုံး၏ တာဝန်ဖြစ်သည်။
